+959250252622
info@thousandisland.org
ဆီဆိုင်မြို့တပ်မတော်တပ်ရင်း ခမရ ၄၂၄ နှင့် ၄၂၃မှ သိမ်းဆည်း ထားသည့် မြေဧက ၁၉၀၀ ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က တောင်သူတစ်ဦးလျှင်အစားထိုးမြေ တစ်ဧကစီ အစားထိုး ပြန်ပေးရန် ဇူလှိုင်လ ၁၆ ရက်က လာရောက်ညှိုနှိုင်းမှုအ ပေါ်တောင်သူများလက်မခံခဲ့ကြောင်း တောင်သူများထံသိရသည်။
ညှိုနှိုင်းပြောဆိုရာတွင် တောင်သူများဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာ ပြီး တပ်မတော်မှသိမ်းဆည်းထားသည့်မြေနေရာတွင် တောင်သူများ ပြန်ရမည်မဟုတ်ပဲ အခြားနေရာသို့ ပြောင်းရွှေ့လုပ်ကိုင်ရမည်ဖြစ်ပြီး ဒေသဦးစီးအဖွဲ့အနေဖြင့် အစားထိုးပြန်ပေးမည့်ဧက၂၀၀ ကို မြေသိမ်းခံရသည့်တောင်သူဦးရေ ၁၀၀ ကျော်က အညီအမျှခွဲဝေ ယူရမည်ဖြစ်သဖြင့် တောင်သူများက လက်မခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြေပြန်ရအောင် ပြောပေးမယ်၊လုပ်ပေးမယ်၊ သိမ်းသွားတဲ့မြေ ၁၉၀၀ ထဲမှာလည်း ပြန်တင်ပေးမယ် အဲ့လိုကျတော့မပြောဘူး၊ တစ်ခြားနေ ရာမှာပဲမြေတွေပြန်ထုတ်ပေးမယ်တဲ့၊ အဲဒါကကျွန်တော်တု့ိတောင်သူ တွေ ရချင်တဲ့ဟာမဟုတ်ဘူး၊ ပြီးကျရင်အဲ့နေရာတွေက သူများဧရိယာ တွေ၊ ကျွန်တော်တု့ိအရပ်နဲ့လည်းဝေးတယ်၊ သွားရတဲ့အချိန်တွေ၊ နေရာအကွာအဝေးနဲ့သူတို့ပေးတဲ့မြေက ကိုက်ညီမှုမရှိဘူး၊ ဘယ်နေ ရာမှန်းလဲမသိဘူး၊ ပြီးကျရင်မြေဧက၂၀၀ ကို ကျွန်တော်တို့ရွာက တောင်သူ ၉၇ ဦးရယ် ဟိုခဲနောင်လုံက တောင်သူရယ်ဆိုရင် တောင်သူ ၁၀၀ ကျော်ရှိတယ်၊ ဆိုတော့တစ်ဦးကို ၁ ဧကတောင်ပြန် မရနိုင်ဘူး၊ ကျွန်တော်တု့ိ ၉ ဧက ၁၀ ဧကစိုက်ပျိုးလုပ်ကိုင်တာ တောင် အသက်မွေးလို့အဆင်မပြေဘူး၊ ပညာရေး၊ကျန်းမာရေး တွေဟော၊ အခုက ၁ ဧကလေးပြန်ရမယ်ဆိုတော့ ဘယ်လိုလုပ်ပြီး အဆင်ပြေမလဲ” ဟု ထီမန်းကျေးရွာမှ မြေသိမ်းခံရသောတောင် သူ တစ်ဦးကဆိုသည်။
ဒေသဦးစီးဖက်မှအသစ်ဖော်ထုတ်ပေးမယ့်မြေဧက၂၀၀ တွင် တောင်သူ များလုံခြုံစိတ်ချစွာ စိုက်ပျိုး နိုင်ပြီး လွတ်လပ်စွာရိတ်သိမ်း နိုင်ရန်အတွက်လည်း အာမခံပေးထားကြောင်း သိရသည်။
ဒေသဦးစီးဥက္ကဌက မြေသိမ်းခံရသည့်တောင်သူများကို လူဦးရေ ၃၀ စီနှင့် သုံးနေရာခွဲကာညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
‌မြေသိမ်း ခံရတောင်သူ ခွန်လေခမ်းက “တောင်သူတွေဖြစ်ချင်တာက (၂)ချက်ပဲရှိတယ်၊ သိမ်းထားတဲ့မြေကိုပြန်ပေးရင်ပြန်ပေး၊ မဟုတ်ဘူး ဆိုရင်လည်း ဒေသပေါက်ဈေးနဲ့အညီလျော်ကြေးပေး အဲ့လိုပေါ့နော်၊ ဒါပေမယ့်သူတို့လာဆွေးနွေးပေးတာက လျော်ကြေးလဲ မပါဘူး၊ မြေအစားထိုးပဲတဲ့၊ မြေအစားထိုးတောင်မှတစ်ယောက်ကို တစ်ဧက ကျော် ၂ ဧကနီးပါးပဲပြန်ရမယ်တဲ့၊ သိမ်းထားတာက အများကြီးပဲ၊ တောင်သူတွေဖြစ်ချင်တဲ့အတိုင်းတင်ပြခဲ့သေးတယ် သူတို့လက်မခံ ပါဘူး၊ ကျေနပ်မှုမရှိဘူးပေါ့နော်၊ တောင်သူတွေနဲ့ဆွေးနွေးတာတောင် တောင်သူဖက်မှာမနေပဲ အမှားတစ်ခုခုကိုရှာပြီး ပြန်ပြောတယ်၊ စစ်တပ်ဖက်ကိုအလေးပေးပြီးဥပဒေကြောင်းအရတွေပြောတယ်၊ အခုလိုသိမ်းတာကလည်း တရားဝင်သိမ်းတာဖြစ်တယ်၊ တောင်သူ တွေစိုက်ထည့်တဲ့မြေကလည်းမြေလွတ်မြေရိုင်းပဲ၊ တောင်သူတွေက နောက်မှလာလုပ်တာအဲ့လိုတွေပြောသွားတယ်၊ တောင်သူတွေနဲ့သူ တို့နဲ့က ဘာမှမဆိုင်သလိုလို၊ ရန်သူလိုလို အဲ့လိုပုံစံဖြစ်နေတယ်၊ ” ဟု ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဒေသဦးစီး အဖွဲ့ဝင် လွတ်တော်ကိုယ်စားလှယ် ခွန်လှသိန်း ကိုဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။
တပ်သိမ်းမြေအတွင်း တောင်သူများစိုက်ပျိုးထားသည့် ပြောင်းပင် ဧက ၄၀ ကျော်ကိုလည်း ဇူလှိုင်လ ၃ ရက်နှင့် ၆ရက်တွင် ်ဖျက်ဆီးခံရပြီး ဇွန်လအတွင်းတွင်လည်း စိုက်ခင်းအတွင်းပေါင်း သွားရှင်းသည့်တောင်သူ တစ်ဦးကိုလည်း စစ်သားတစ်ဦးက ကိုယ်ထိလက်ရောက်လက်သီးဖြင့်ထိုးခဲ့ကြောင်းသိရသည်။
တောင်သူများဘိုးဘွားစဉ်ဆက်လုပ်ကိုင်သည့်မြေဧက၁၉၀၀ကျော်ကို စစ်တပ်မှသိမ်းဆည်းထားသည့်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးခွန်သန်းထူးက ၎င်းကျန်ရှိသောသက်တမ်းအတွင်း မြေယာပြန်လည်ရရှိရန် အကောင်းဆုံးကြိုးစားဆောင်ရွက်ပေးမည်ဟု တောင်သူများကိုအားပေးစကားပြောရင်း ကတိပေးထားကြောင်းသိရ သည်။
မြေသိမ်းခံရတောင်သူများကို ဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်က ပထမဆုံးလာရောက်တွေ့ဆုံညှိနိုင်းမှုပြုလုပ်ပေးခြင်းဖြစ်ပြီး ညှိနိုင်းမှု သည်တောင်သူများလက်မခံခဲ့ကြောင်းသရသည်။
ဆီဆိုင်မြို့ရှိ တောင်ကြီး-လွိုင်ကော်ကားလမ်းဘေး အရှေ့ဘက်တွင် ဧက ၃၀၀၊ ကားလမ်းအနောက်ဘက်တွင် ဧက ၁၉၀၀ ကို စစ်တပ်ကသိမ်းဆည်းခဲ့ကြောင်းသိရသည်။
ဆီဆိုင်မြို့နယ်အတွင်း မြေယာများသည် တပ်မတော် ခမရ ၄၂၃ ၊ ၄၂၄ က ၁၉၉၂ ခုနှစ်တွင် ယာယီအဖြစ် သိမ်းဆည်းခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *