+959250252622
info@thousandisland.org

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့တွင် တပ်သိမ်းမြေ ကိစ္စနှင့် ပတ်သက်၍ တရား စွဲခံထားရသည့် တောင်သူများ၏ အမှုမှ ဇူလိုင်လ ၁၀ ရက် ရုံးချိန်းတွင် တရားသူကြီး ခရီး လွန်နေသဖြင့် စစ်ဆေးနိုင်ခဲ့ခြင်း မရှိဘဲ လာမည့် ဇူလိုင်လ ၂၁ ရက် ကို ထပ်မံ ချိန်းဆိုခဲ့ပြီး တောင်သူများဘက်မှ ကိုယ်စားလှယ်ဖြင့်သာ ထပ်မံ ရင်ဆိုင်နိုင်ရေး တင်ပြထားသည်ဟု သိရသည်။
“တရားသူကြီးက တောင်ကြီး သွားနေတယ် ပြောတယ်။ ကျွန်တော်တို့က အဖိုးအဖွားတွေလည်း ပါတော့ အားလုံး အစား ၄/၅ ဦးနဲ့ တရား ရင်ဆိုင်ရဖို့ပဲ တရားရုံးကို ထပ်မံ တင်ပြခဲ့ တယ်။ သွားလာရတာ အဆင်မပြေဘူး။ ကျွန်းတစ်ထောင်မြေ ဖောင်ဒေး ရှင်းကလည်း လယ်ယာမြေ ကိစ္စတွေ လာရောက် ရှင်းပြဖို့ အားပေးစကား ပြောကြားပါတယ်။ နစ်နာမှု အတွက် သတင်းစာရှင်းလင်းပွဲ လုပ်ဖို့နဲ့ မြေရာဇဝင်တွေကို ပြောနိုင်ဖို့ ရွာမှာ ထပ်မံတွေ့ ဆုံညှိနှိုင်းကြဖို့ ရှိပါတယ်” ဟု ခိုလမ်မြို့၊ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတီလေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ တရားစွဲခံ တောင်သူ ၄၇ ဦးတွင် အသက် ၇၀ ကျော်အရွယ် ရှိသူများ၊ မကျန်းမာသူများရှိနေသည့် အပြင် စိုက်ပျိုးချိန် ဖြစ်နေသည့်အတွက် အလုပ် မအားသည့် ကြားက ရုံးချိန်းသို့ လာရောက်ရာတွင် သီးနှံပင်များ ပျက်စီးမှု ကြုံတွေ့နိုင်သဖြင့် အားလုံး အစား ၄/၅ ဦးဖြင့်သာ တရား ရင်ဆိုင်နိုင်ရေးအတွက် တောင်သူများဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်ဝင်းက ကျင့်ထုံးပုဒ်မ ၂၀၅ (၁) ဖြင့် နမ့်စန်မြို့နယ် တရားရုံးသို့ လျှောက်ထားခဲ့သော်လည်း ပြီးခဲ့သည့် ရုံးချိန်းက ပယ်ချ ခံခဲ့ရသဖြင့် ထပ်မံ လျှောက်ထားနိုင်ရေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
“တောင်သူတွေ ဘယ်လို နစ်နာ နေသလဲ၊ ဘယ်လို ဒုက္ခတွေ ကြုံနေရသလဲ။ လိုအပ်တာတွေ ကူညီဖို့၊ ပြည်သူတွေ အား ရှိဖို့ ကျွန်တော်တို့ လာရောက် အားပေးတာပါ။ အကယ်၍ တောင်သူတွေ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်ဆိုရင်လည်း ကူညီပေးနိုင်ဖို့ လယ်ယာဥပဒေတွေနဲ့ ကူညီဖို့ လာရောက်တွေ့ဆုံ ရှင်းပြတာ ဖြစ်ပါတယ်”ဟု တောင်ကြီးမြို့၊ ကျွန်းတစ် ထောင်ဖောင်ဒေးရှင်းမှ ဦးဧပရယ်ကြူကြူက ပြောသည်။
လက်ရှိ တပ်သိမ်းမြေ တရားစွဲ ခံ တောင်သူ ၄၇ ဦးအမှုတွင် တပ်မှ တင်ပြသည့် အမှုတွဲ၌ ပုံစုံ (၁၀၅)မှာ အငြင်းပွားနေရာ မဟုတ်ခြင်း၊ မြေ ရာဇဝင်အရ တောင်သူများ ဓားမ ဦးချ ဆက်တိုက် လုပ်ကိုင်လာခဲ့သည် ဆိုခြင်းနှင့် တပ်မြေအဖြစ် သတ်မှတ်စဉ် တိကျ သေချာသည့် လုပ်ငန်းစဉ် အားနည်းမှုများကြောင့် ယခုလို ဖြစ်ရသည်ဟု ယူဆကြောင်း တရားလွှတ်တော် ရှေ့နေ ဦးတင်အောင်ဝင်းထံက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *