တောင်ကြီးမြို့ Quarantine Center မှ အမျိုးသမီးတစ်ဦးသေဆုံး

စက်တင်ဘာ ၊ ၅ (တောင်ကြီး)

စက်တင်ဘာလ ၅ ရက်နေ့ မနက်တွင် တောင်ကြီး တက္ကသိုလ် Quarantine Center မှ အသက် ၃၃ နှစ်အရွယ်အမျိုးသမီး တစ်ဦးသေဆုံးသွားကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ထံမှ သိရသည် ။

“ ဒီနေ့မနက်မှာဆုံးပါးသွားတာဖြစ်ပါတယ် သူရဲ့ကျန်းမာရေး အခြေအနေက အားနည်းတယ်လို့သိရပါတယ် ။ ကျွန်တော်တို့ဆီ စဝင်လာကတည်းက မောတယ် ၊ သွေးအားနည်းတယ်လို့ ကျွန်တော်တို့ဆီက ကျန်းမာရေး ကလဲသုံးသပ်တယ် ။ သူကိုယ်တိုင်ကလဲ ခရီးပမ်းလာတယ်လို ပြောလာတာဖြစ်တဲ့ အတွက် ကျွန်တော်တို့လဲ ဆေးရုံတင်ပြီးတော့ နာရီပိုင်းပဲကြာပါတယ် ဆုံးပါးသွားတယ် ။ အဓိက မေးကြည့်လိုက်တဲ့ အချိန်မှာသွေးအားနည်းတယ် နှလုံး သိပ်အားမကောင်းဘူးလို့သိရပါတယ် ” ဦးဖြိုးမင်းထိုင်က ယင်းအမျိုးသမီး၏ ကျန်းမာရေး ဆိုင်ရာ အချက်အလက်အား ရှင်းပြသည် ။

သေဆုံးသူအမျိုးသမီး ထံမှ swab ရယူထားနိုင်ပြီး သေဆုံးရသည့် အကြောင်း အရင်းအား ဓါတ်ခွဲအဖြေထုတ်ပြန်မှ အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည် ။

အဆိုပါ အမျိုးသမီးသည် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် ၊ဘော်ကြို ကျေးရွာအုပ်စု ဟိုမော်စာ ကျေးရွာတွင်နေထိုင်သူတစ်ဦးဖြစ်ပြီး စက်တင်ဘာ ၃ ရက်နေ့က မြ၀တီ ဝင်ပေါက်မှ ဝင်လာသူဖြစ်ပြီး တောင်ကြီး တက္ကသိုလ် တွင် Quarantine ဝင်နေသူတစ်ဦးဖြစ်ကြောင်းသိရသည် ။
မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဌာနမှ သေဆုံးသူအမျိုးသမီး၏ မိသားစုဆွေမျိုးများ ထံဆက်သွယ်ထားသော်လည်း မလာရောက်နိုင်ကြောင်း အကြောင်းပြန်သောကြောင့် တာဝန်ရှိသူများမှ သဂြိုလ်ပေးရန်စီစဉ်လျှက်ရှိကြောင်းသိရှိရပါသည် ။

credit# Right Way News