စက်တင်ဘာ (၁၆) ၊ တောင်ကြီး

စက်တင်ဘာလ(၁၆) ရက်နေ့ က တောင်ကြီးမြို့၊ တောင်ချွန်းပေါ်ရှိ ပတ္တမြားဂူ မှာ အရပ်ဖက်အဖွဲ့အစည်းများ ဖြစ်တဲ့ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းနဲ့ စာနာအဖွဲ့တို့ ပူးပေါင်းပြီး လူအင်အား တစ်ဆယ်ကျော်ခန့် ကနေ “ ဥပဒေမဲ့ သတ်ဖြတ် မှုချက်ချင်းရပ် ” campaign ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။

လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး နေ့ အတွက် Generation Wave – မျိုးဆက်သစ်လှိုင်း အဖွဲ့က ဦးဆောင်ကာ ဥပဒေမဲ့ သတ်ဖြတ်မှုချက်ချင်းရပ် စာတန်းပါ တီရှပ် အင်္ကျီ ဝတ်ဆင်ပြီး မိမိကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာ ပေါ်တွင် တင်၍ အစိုးရအာဏာပိုင် အဖွဲ့အစည်း များ သို့တိုက်တွန်း တောင်းဆိုသွားမယ်လို့ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းအဖွဲ့ရဲ့ ဒါရိုက်တာ နန်းဝါနု ကပြောပါတယ် ။
တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ တစ်ချို့ဟာတွေ ဥပဒေကို မထီမဲ့မြင်ပြု ပြီး ဥပဒေမဲ့ သတ်ဖြတ်မှုများ ရှိနေသေးတယ် ၊ ရခိုင်မှာလဲ ဖြစ်နေတယ် ၊ ရှမ်းပြည်နယ်မှာလဲ ရှိနေသေးတယ် ၊ ကချင်မှာလဲရှိတယ် မြန်မာနိုင်ငံတစ်ဝှမ်းလုံးလိုလို ဖြစ်နေတဲ့ ကိစ္စရပ်ကို ရပ်တန့်သွား ဖို့အတွက် ကန်ပိန်းပြုလုပ်ရခြင်းဖြစ်ပါတယ် လို့ နန်းဝါနုကပြောပါတယ် ။

အထူးသဖြင့် တိုင်းရင်းသားဒေသမှာ ဖြစ်ပွားလျှက်နေတဲ့ ဥပဒေမဲ့ သတ်ဖြတ်ခြင်းကို ရပ်တန့်စေရန် နဲ့ နှစ်နာတဲ့ ပြည်သူလူထုများ အတွက် အရပ်ဖက်လူမှု အဖွဲ့အစည်း များက ယခုကဲ့သို့ ကန်ပိန်း ပြုလုပ်ရခြင်းဖြစ်တယ်လို့ စာနာ အရပ်ဖက်အဖွဲ့ဒါရိုက်တာ ကိုဧကရယ် ကြူးကြူးဆိုပါတယ် ။
အခုလိုကန်ပိန်းပြုလုပ် တာဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေကို တောင်းဆိုတာဖြစ်တယ်လို့ စာနာ အရပ်ဖက်လူမှုအဖွဲ့အစည်း က မမိုးကုမုဒြာညို က ပြောပါတယ် ။

Generation Wave – မျိုးဆက်သစ်လှိုင်း အဖွဲ့ အနေနဲ့ အရပ်သားပြည်သူများ ဥပဒေမဲ့ သတ်ဖြတ်ခံနေရမှု အခြေအနေများကို မှတ်တမ်းကောက်ယူ မှုပြုလုပ်လျှက်ရှိပြီး ၂၀၁၉ ခုနှစ်ဒီဇင်ဘာ မှ ၂၀၂၀ ခုနှစ်ဩဂုတ်လအထိ (၉)လတာ ကာလအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း (၇၀)ကျော် ဖြစ်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊
Generation Wave – မျိုးဆက်သစ်လှိုင်း အဖွဲ့ အနေနဲ့ အခြားသောမဟာမိတ် အရပ်ဖက် အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ဥပဒေမဲ့ သတ်ဖြတ် ခံနေရမှုများကို တားဆီးဖို့အတွက် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး နေ့ မှာ အွန်လိုင်း ကမ်ပိန်း ပြုလုပ် သွားမယ်လို့သိရပါတယ် ။

credit # Right Way News