တောင်ကြီး၊ စက်တင်ဘာ ၁၂

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် ဒုတိယအကြိမ် မဲစာရင်း ကို စက်တင်ဘာလ ၂၀ ရက် နေ့ နောက်ပိုင်းတွင် ထပ်မံ ကြေငြာရန် ရှိကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးထင်ကျော် ထံမှ သိရသည် ။

ပထမအကြိမ် မဲစာရင်း ကပ်ပြီး ပုံစံ(၃) ဖြင့် တောင်းဆိုထားသူများ၊ မပါဝင် မပါထိုက်သူ (သေဆုံးပြီးသူ) များ ပါလာလျှင် ပုံစံ(၄) ဖြင့် ကန့်ကွက်ထားခြင်းများ၊ အကြောင်းအရာ အချက်အလက်များ မပြည့်စုံ၍ ပြန်လည် ပြင်ဆင်ခြင်း၊ နိုင်ငံသားစီစစ်ရေးကဒ် မရှိသူများ ပြန်လည် လုပ်ဆောင်နေသည့် အပိုင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာ၏ စီမံခန့်ခွဲမှုနှင့် ရပ်ကွက်ကျေးရွာအုပ်စုများ အလိုက် မဲစာရင်းများ သွားရောက် စစ်ဆေးကာ မူလမဲစာရင်းများတွင် ကျန်ခဲ့သူများ မရှိစေရန် စစ်ဆေး ဆောင်ရွက်နေကြောင်း ဦးထင်ကျော်ထံ က ဆက်လက် ပြောဆိုသည် ။

“ဒုတိယအကြိမ် ကပ်မယ့် မဲစာရင်းတွေကတော့ အဲ့ဒီမှာ ပါတဲ့ အမှတ်စဉ်တွေက အတည် ဖြစ်ပါတယ်။ မဲပေးတဲ့ အချိန်အထိ မဲစာရင်း အမှတ်စဉ်တွေက အပြောင်းအလဲ မရှိတော့ပါဘူး။ မဲစာရင်း ကပ်ထားကြေငြာတဲ့ နေရာမှာ ဥပဒေနဲ့ မညီညွှတ်လို့၊ ဥပမာ သေဆုံးသွားရင်ပဲ ဖြစ်ဖြစ် အကြောင်း အမျိုးမျိုးကြောင့် ပယ်ဖျက်မယ် ဆိုရင် သူ့ကို ပယ်ဖျက်တဲ့ အနေရာမှာ အမှတ်စဉ်ကို မဖျက်ပဲ သူ့အပိုဒ်လေးကိုပဲ မျဉ်းတား ဖျက်ပြီး ဘေးမှာ မှတ်ချက် ရေးပြီး မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်” ဦးထင်ကျော်က ပြောသည်။

မဲစာရင်းတွင် နာမည် ကျန်ခဲ့သူများမှာ ထပ်တိုးသည့် အရေအတွက် အတိုင်း မဲစာရင်း၏ နောက်ဆုံးတွင် တစ်ခုချင်း တိုးသွားမည်ဖြစ်ပြီး၊ မဲစာရင်း လာရောက် ကြည့်ရှုကြသည့် မိဘပြည်သူများ အနေဖြင့် မိမိ မဲစာရင်းအမှတ်ကို သေချာစွာ မှတ်ထားရန် လိုအပ်ကာ မဲပေးသည့် နေ့တွင် မိမိ မဲစာရင်းအမှတ်စဉ်အား ပြောပြ၍ အချိန်ကုန်သက်သာ၊ လွယ်ကူ မြန်ဆန်နိုင်မည် ဖြစ်သည်။

credit#RightWayNews